ကေအိုင်အို ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာနယ်မြေ ကေအိုင်အို ဆက်ဆံရေးရုံးဟောင်း နေရာတွင် လာမည့် ဇူလိုင် ၂၀ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။ ၎င်းရုံးဖွင့်ပွဲကို ကချင်ပြည်နယ် အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၊ လူမှုအခြေပြု အဖွဲ့အစည်းများ (NGOs)၊ လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ကို ရောက်ရှိနေသည့် ယင်းအလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခေါင်းက ဆိုသည်။
''အခုလောလောဆယ်တော့ ရုံးတစ်ခုမှာ ရှိသင့်တဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ (PR)၊ ဆက်သွယ်ရေးအဖွဲ့ (Communication)၊ သုတေသနအဖွဲ့ (Research)၊ ရုံးအဖွဲ့ (Office) ဖွဲ့နေတုန်းမို့ ကြာတာပါ။ ရုံးဖွင့်ပြီးရင်တော့ ဆွေးနွေးပွဲတွေ အမြန်ဆုံး ဖြစ်လာအောင် ဆောင်ရွက်သွားမှာပါ'' ဟု ၎င်းက ပြောကြားသည်။ ၎င်းအဖွဲ့သည် မူလက ကေအိုင်အိုမှ အဖွဲ့ဝင် ခြောက်ဦး၊ အရပ်ဘက်မှ လေးဦးဖြင့် ဖွဲ့စည်းရန် ရည်ရွယ်ထားသော်လည်း ကေအိုင်အိုမှ ငါးဦးနှင့် အရပ်ဘက်မှ ၁၀ ဦးပါဝင်ဖွဲ့စည်းရန် ပြောင်းလဲထားကြောင်း ၎င်းအဖွဲ့ ပေါ်ပေါက်ရန် လိုက်လံကူညီနေသည့် PCG အဖွဲ့ဝင် ဦးစန်းအောင်က ပြောကြားသည်။
''အရပ်ဘက်က ပါမယ့်လူတွေ နာမည်စာရင်း မထုတ်ပြန်သေးတာက အလုပ်နဲ့လူနဲ့တွဲပြီး တာဝန်ယူနိုင်၊ မယူနိုင် ညှိနေရလို့ ကြာတာပါ။ နယ်ပေါင်းစုံကလူတွေ ပါမယ်လို့တော့ ထင်ပါတယ်'' ဟု ဦးစန်းအောင်က ဆိုသည်။
Eleven Media Group

No comments:
Post a Comment