Saturday, July 6, 2013

မဲခေါင်ဒေသ နှစ်လအတွင်း မူးယစ်ဆေးဝါး ဒေါ်လာသန်းလေးရာဖိုး ဖမ်းမိ ရန်ကုန်၊ ဇူလိုင် ၃

မဲခေါင်ဒေသ နိုင်ငံများဖြစ်သော မြန်မာနိုင်ငံ အပါအဝင် လာအို၊ ထိုင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ နှစ်လအတွင်း မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ သန်းလေးရာဖိုးကို မဲခေါင် မြစ်ဝှမ်းတစ်လျှောက် ဖမ်းဆီးရမိခဲ့ကြောင်း ASEAN AFFAIRS သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မဲခေါင်မြစ်ဝှမ်းတစ်လျှောက် အဓိကထားပြီး နိုင်ငံစုံအစိုးရများ ပူးပေါင်းကာ ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သံသယရှိသူ ၂၅၃၄ ဦး အပြင် မူးယစ်ဆေးဝါး ၁၀ တန်နှင့် ယင်းနှင့်ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော် တန်ဖိုး ဖမ်းဆီးမိခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ထုတ်ပြန်ထားသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဝင်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးများ၏ ၆၀မှ ၇၀ ရာခိုင်နှုန်းသည် စိတ်ကြွဆေးဝါးနှင့် ဘိန်းဖြူ ဖြန့်ဖြူးရောင်းဝယ်ရာ ရွှေတြိဂံဒေသမှ တစ်ဆင့်ရောက်ရှိ လာခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မဲခေါင်ဒေသနှင့် ရွေတြိဂံဒေသများတွင် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို ပြစ်ဒဏ်စီရင်ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် မှုခင်းပိုင်းတွင် လျော့ကျလာခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဘက်တွင်လည်း မူးယစ်ဆေးဝါးများ ပြင်ပမှ ဝင်ရောက်မှု မရှိသောကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှု အများဆုံး နိုင်ငံဖြစ်ပြီး အရှေ့တောင်ဒေသတွင်း နိုင်ငံများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားမှု အများဆုံးနိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ရောင်းချမှုသည် ၂၀၁၂ ခုနှစ်တွင် မက်ထရစ် တန် ၆၉၀ နီးပါး ရှိပြီး ယင်း ပမာဏသည် ၂၀၁၁ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။


The Voice Weekly

No comments:

Post a Comment