မော်လမြိုင်၊ ဇူလိုင် ၅
အသစ်ပြန်လည် ဖောက်လုပ်နေသော မြဝတီ -မုဒုံ-ဘုရားသုံးဆူလမ်းရှိ ကရင်ပြည်နယ် ဝင်းရော်မြစ်နှင့် ဇနိမြစ်၊ အတ္တရံမြစ်တို့ ဆုံဆည်းရာ ချောင်းနှစ်ခွဒေသတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချိတ်ဆက်နိုင်မည့် တံတားတစ်စင်းကို ထပ်မံဆောက်လုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။
ယင်းတံတားကို မိုးရာသီအကုန်တွင် စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရက ထုတ်ပြန်ကြေညာသည်။
အဆိုပါတံတားကို ဆောက်လုပ်ပြီးပါက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီ-မုဒုံ -ဘုရားသုံးဆူနှင့် ထိုင်းနိုင်ငံ စံခရဘူရီထိ သွားရောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းတံတားကို အရှည် ၅၄၈ ပေနှင့် ယာဉ်သွားလမ်း အကျယ် ၂၄ ပေခန့် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
တံတားတည်ဆောက်ရာတွင် စီမံကိန်းအတွင်း ပါဝင်နေသော မြေယာများကို ကာလတန်ဖိုးအတိုင်း ပေးလျော်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment