Saturday, July 6, 2013

ရုရှားအခြေစိုက်ကုမ္ပဏီ သာစည်တွင် ခနောက်စိမ်းတူးဖော်မည်

မန္တလေး၊ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခနောက်စိမ်းသတ္တု တူးဖော်ရေးအတွက် ရှရုားနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရှရုားနိုင်ငံမှ GeoPro Mining ကုမ္ပဏီကို ခနောက်စိမ်း တူးဖော်ရေးအတွက် သတ္တုတွင်း ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သဘောတူညီထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“ကုမ္ပဏီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ခွင့်ပြုချက်တောင်းခံဖို့ပဲ ကျန်တော့တယ်။ ခွင့်ပြုချက်ကျတာနဲ့ လုပ်ငန်းစတင်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

GeoPro Mining ကုမ္ပဏီသည် ယင်းဒေသတွင် ခနောက်စိမ်း တူးဖော်ရာတွင် အဆိုပါကုမ္ပဏီက ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သည့် လုပ်သားများကိုလည်း ဒေသခံများကိုသာ ခေါ်ယူ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဦးသန်းစိုးမြင့်က ထပ်မံ ပြောကြားသည်။

“အခုနောက်ပိုင်း ရင်းနှီးမြှုပ်နှံတဲ့သူတွေက ဥပဒေနဲ့အညီ စည်းကမ်းတွေနဲ့ စာချုပ်ချုပ်ထားလို့ အရင်ကထက်တော့ ထုတ်ယူရာမှာ စည်းကမ်းရှိမယ်လို့ ထင်ပါတယ်” ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း တွဲဖက်အတွင်းရေးမှူး ဦးစိုးသူရထွန်းက ဆိုသည်။

ခနောက်စိမ်းကို လက်နက်ထုတ်လုပ်သည့် နေရာနှင့် လေယာဉ် ထုတ်လုပ်သည့် နေရာများတွင် အသုံးပြုလျက်ရှိပြီး ယခင်က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ နယ်စပ်ကတစ်ဆင့် တင်ပို့မှုများ ရှိကြောင်း ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ တူးဖော်ရာမှ ရရှိသည့် အခွန်ပမာဏထဲမှ တိုင်းဒေသကြီးအစိုးရက အခွန်ငွေ ရရှိရန်လည်း ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးသန်းစိုးမြင့်က ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment