Saturday, July 6, 2013

ဆန္ဒပြပြီး သုံးနာရီကြာမှ ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်ခွင့် မပြုကြောင်း စာပေးအပ်

ပုသိမ်၊ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံထားရသော လယ်မြေဧက တစ်သောင်းကျော် ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ ၄ ရက်နေ့က ပုသိမ်မြို့တွင် တောင်သူများ ဆန္ဒထုတ်ဖော်ပြီး သုံးနာရီအကြာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဆန္ဒထုတ်ဖော်ခွင့် မပြုသည့် အသိပေးစာ ပေးအပ်ခဲ့ကြောင်း လယ်သမားအရေး လိုက်ပါဆောင်ရွက်သူ ဦးထွန်းထွန်းဦးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခွင့်ကို ဇူလိုင်လ ၁ ရက်နေ့က ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ စာပို့အကြောင်း ကြားသော်လည်း ပြန်လည် အကြောင်းကြားခြင်း မရှိ၍ ၎င်းတို့ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ပြီး ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးကျော်စိုးက ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဆန္ဒထုတ်ဖော်ခွင့် မပြုကြောင်းစာကို ပေးအပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

လပွတ္တာ၊ ငပုတော၊ ပုသိမ်နှင့် ကန်ကြီးဒေါင့်မြို့နယ်တို့မှ နည်းလမ်း အမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်မြေ ဧက ၁၀,၀၀၀ ကျော် ပြန်လည် ရရှိရန်အတွက် တောင်သူ ၂၀၀ ခန့်က ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ယင်းတောင်သူများထံမှ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဖြစ်စေ စီတန်းလှည့်လည်ခွင့်ကို ဖြစ်စေ ရရှိလိုသူသည် ဆောင်ရွက်နေ့ မတိုင်မီ ငါးရက်ကြိုတင်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment