မန္တလေး၊ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး အတွင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ၃၉ ရာခိုင်နှုန်းအောက်ကျသော အခြေခံပညာကျောင်းပေါင်း ၁၈၆ ကျောင်းကို ဇူလိုင်လဆန်းမှ စတင်ကာ တိုင်းဒေသကြီး စစ်ဆေးရေး အဖွဲ့များက စတင်စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
စစ်ဆေးတွေ့ရှိရသည့် အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ပြီး လာမည့် ပညာသင်နှစ်တွင် အဆိုပါကျောင်းများ အောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းးက ထပ်မံပြောကြားသည်။
ကွင်းဆင်း စစ်ဆေးရာတွင် တက္ကသိုလ်ဝင်တန်း သင်ကြားပြသသည့် ဆရာ၊ ဆရာမများကို စစ်ဆေးခြင်း၊ နေ့စဉ်မှတ်တမ်းနှင့် သင်ခန်းစာမှတ်စုများ စစ်ဆေးခြင်း၊ လိုအပ်သော အခက်အခဲများကို အကြံပြုခြင်း၊ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။
“ဒီနှစ်မှာတော့ သီးသန့်သေချာ စစ်ဆေးနေပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နောက်လာမယ့်နှစ်တွေမှာ အောင်ချက်ပိုပြီး မြင့်မားဖို့အတွက် ကွင်းဆင်း စိစစ်တာပါ။ အားနည်းချက်တွေကိုလည်း ဖြည့်မယ်၊ အားသာချက်တွေကိုလည်း ဆက်လက် ထိန်းသိမ်းသွားမယ်” ဟု ၎င်းကဆိုသည်။
“အောင်ချက်တွေကျတာက ဖြေရတဲ့ မေးခွန်းပေါ်မှာ မူတည်တယ်။ ကျောင်းသားတွေပေါ်မှာလည်း မူတည်ပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။
အဆိုပါကျောင်းသည် အောင်ချက် ၃၉ ရာခိုင်နှုန်းအောက် ကျသည့်အတွက် စစ်ဆေးရေးအဖွဲ့များ လာရောက်စစ်ဆေးမည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် အထက်တန်းဆင့် ကျောင်း၂၄၉ ကျောင်း ဖြေဆိုခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၉ ဒသမ ၄၆ ရာခိုင်နှုန်း ရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
The Voice Weekly

No comments:
Post a Comment