ရန်ကုန်၊ ဇူလိုင် ၎
မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ကို လျှော့ချနိုင်ရေးအတွက် သဘာဝဘေး စီမံခန့်ခွဲမှု လေ့ကျင့်ရေး စင်တာကို ပထမဆုံးအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ပြန်ကြားရေး တာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။
ယင်း လေ့ကျင့်ရေးစင်တာ တည်ဆောက်ရန်နှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှု လျှော့ချရေး မဟာဗျူဟာ ရေးဆွဲရန် ပြည်တွင်း ပြည်ပ ပညာရှင်များ ပူးပေါင်းပြီး နေပြည်တော် ကောင်စီတွင် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ် ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
သဘာဝဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် စွမ်းရည် မြှင့်တင်ရေး သင်တန်းများသည် အဓိကကျသော အချက် တစ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ UNDP ညွှန်ကြားရေးမှူး Mr.Toily Kurbanov က မှတ်ချက်ပြုသည်။
“ဒီလုပ်ငန်းက လွယ်တဲ့ လုပ်ငန်းတော့မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ အပါအဝင် လူမှု အဖွဲ့အစည်း တစ်ခုလုံးက ပူးပေါင်း လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တည်ဆဲ ဖွံ့ဖြိုးမှု ရလဒ်များ ကို ရေရှည် ထိန်းသိမ်းရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ် လုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းမှာ အရေးကြီးကြောင်း Mr. Toily က ထောက်ပြသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများ မှ ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး ယင်းလေ့ကျင့်ရေး စင်တာကို လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကြီးကြပ် ကွပ်ကဲမည်ဖြစ်ကြောင်း ဦးညီညီအောင် က ပြောကြားသည်။
ယင်းသင်တန်းများကို လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် UNDP ဦးဆောင်သော အလုပ် အမှုဆောင်အဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းများအတွင်း ပြင်းထန်သည့် သဘာဝဘေးဆိုး များဖြစ်သော နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း တိုက်ခတ်မှုနှင့် တာလေ မြေငလျင် လှုပ်ခတ်မှုတို့ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ခဲ့ရပြီး နေအိမ် အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းများ ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment