ရန်ကုန်၊ ဇူလိုင် ၅
အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များ ငွေချေးယူသည့် အတွက် ပေးသွင်းရသည့် ဘဏ် ဝန်ဆောင်မှု စရိတ် ၁ ရာခိုင်နှုန်းကို ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။
ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက SME များ ငွေချေးယူ ရာ၌ ပေးသွင်းနေရသည့် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ဆက်လက် ကောက်ခံရန် အစီအစဉ် ရှိ မရှိ မေးမြန်းချက်ကို အဆိုပါ ဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဘဏ် သည် ချေးယူငွေနှင့် ထုတ်ချေးငွေကြား ကွာဟချက် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း စုစုပေါင်း အမြတ်ငွေ ၁ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရရှိသောကြောင့် လက်ရှိ ကောက်ခံနေသော ဝန်ဆောင်စရိတ် ၁ ရာခိုင်နှုန်းကို ဖြေလျှော့ပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့် SME များသို့ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးလျက်ရှိသည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဘဏ်သည် အခြားဘဏ်များနှင့် နှိုင်းယှဉ်ပါက အတိုးနှုန်း သက်သာသော်လည်း ယခုထက်ပို၍ အတိုးနည်းရန် လိုအပ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ဦးနှင်းဦးက ပြောကြားသည်။
“ဂျပန်ကတောင် မြန်မာကို အတိုးနှုန်း ဒသမ အစွန်းထွက်လောက် နဲ့ ငွေချေးသေးတာပဲ။ အဲဒါကို ပြည်တွင်း လုပ်ငန်းရှင်တွေအပေါ် အတိုး ၅ ရာခိုင်နှုန်းလောက်နဲ့ ပြန်ချေးပေးသင့်တာပေါ့။ အရင်ခေတ်ကလို လက်သင့်ရာ စားတော်ခေါ်ပြီး ချေးပေးတာမျိုးတွေလည်း မရှိသင့်တော့ဘူး” ဟု ၎င်းက ဆိုသည်။
တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်မတိုင်မီက အဆိုပါ ဘဏ်ဝန်ဆောင်မှု စရိတ်အတွက် ၁ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း အထိ ကောက်ခံခွင့်ရှိသော်လည်း ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ အများဆုံး ၁ ရာခိုင်နှုန်းသာ ကောက်ခံရမည်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။
“သူတို့က မလုပ်ပေးချင်တာတော့ မဟုတ်ဘူး။ တခြားစရိတ်တွေ ရှိသေးတယ်။ ဘဏ်တွေက အပ်ငွေ အပေါ် မှီခိုနေရတယ်။ အပ်ငွေအပေါ် ပေးတဲ့ အတိုးနှုန်းကို လျှော့လိုက်ရင် အပ်ငွေနည်းပြီး Bank Crisis ဖြစ်မှာ စိုးရတယ်” ဟု မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက မှတ်ချက်ပြုသည်။
နိုင်ငံတော်က အထူးကိစ္စ တစ်ရပ်အဖြစ် ယမန်နှစ် ဘဏ္ဍာရေးနှစ်တွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဘဏ် သို့ အတိုးနှုန်း ၈ ဒသမ၂၅ ရာခိုင်နှုန်းဖြင့် ငွေကျပ် ၅ ဘီလီယံ ချထားပေး ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ၉၉၂၃၅ ဒသမ ၅ သန်း ထုတ်ချေး ထားပြီး ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment