၁။ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”ကို အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း အနေဖြင့် အဆိုပါ “ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃)ကို ၂၀၁၃ ခုနှစ် မတ်လ (၁)
ရက်နေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါသဘောထားကြေညာချက်တွင် “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကိုတင်ပြခဲ့ပြီး၊ ကြေညာချက်၏ အပိုဒ် ၁၀ တွင်လည်း
"စာနယ်ဇင်း သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှ သဘောထားတောင်းခံခြင်း၊
ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်စေရန် အကြံပြုအပ်ပါသည်"ဟု ဖော်ပြခဲ့ပါသည်။
၃။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှလည်း စာနယ်ဇင်းမီဒီယာသမားများနှင့်ဆွေးနွေးခဲ့ကာ လိုအပ်သည်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ပြီး အဆိုပါ
"ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း"နှင့်အတူ စာနယ်ဇင်း ကောင်စီ(ယာယီ)က ရေးဆွဲသော "သတင်းမီဒီယာဥပဒေကြမ်း"တို့ကို လွှတ်တော်များသို့ တစ်ပြိုင်နက်တည်း တင်သွင်းရန်ကိုလည်း ၀န်ကြီးဌာနနှင့်ဆွေးနွေးသဘောတူညီခဲ့ကြောင်း သိရပါသည်။
၎။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းမီဒီယာသမားများအတွက် အရေးအကြီးဆုံးဖြစ်သည့် သတင်းမီဒီယာဥပဒေကြမ်းနှင့်ပတ်သက်၍
ရှေးဦးစွာဆောင်ရွက်ရမည့်အစား “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”ကိုသာ ဦးစားပေးဆောင်ရွက်ခြင်း၊"အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်း" အစရှိသည့် ဥပဒေကြမ်းကိုထပ်မံပြုစုခြင်း၊ "အသံလွှင့်မီဒီယာဥပဒေကြမ်း"၊ "စာကြည့်တိုက်ဥပဒေကြမ်း"တို့ကိုပြုစုရန်စီစဉ်နေခြင်း တို့ကိုကြားသိရခြင်းကြောင့် သတင်းမီဒီယာ လောကသားများအနေဖြင့်
ပြန်ကြားရေးဝန်ကြီးဌာနသည် များပြားရှုတ်ထွေးသောဥပဒေများဖြင့် မိမိတို့အပေါ် သွယ်ဝိုက်၍ ထိန်းချုပ်လိုသည့် ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ်ရှိလာပါသည်။
၅။ ထို့အပြင်၂၀၁၃ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည့် “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”၀ယ် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ
(ယာယီ) တို့အကြား သဘောတူညီခဲ့သော အချက်အလက်အများစု မပါဝင်ခဲ့သလို သတင်းမီဒီယာလောကသားများ လက်ခံနိုင်မည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများလည်း
ပြည့်စုံစွာမပါရှိသည်ကိုတွေ့ရှိရပါသည်။
၆။ ထို့ကြောင့် ယခု“ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”ကို ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက်သည်ဖြစ်စေကာမူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း အနေဖြင့် သဘောမတူ၊လက်မခံနိုင်ပါကြောင်း သဘောထားကြေငြာချက်ထုတ်ပြန်လိုက်ပါသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Myanmar Journalists Association(MJA)
ဇူလိုင်လ(၅)ရက်၊ ၂၀၁၃ ခုနှစ်၊
ရန်ကုန်မြို့။
Ref : popular

No comments:
Post a Comment