Saturday, July 6, 2013

လွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း



နေပြည်တော်၊ ဇူလိုင် ၅

လွှတ်တော်တွင်း ဖွဲ့စည်းထားသော ရေးရာ ကော်မတီများ၏ လုပ်ငန်းများ ပိုမို ပီပြင်လာစေရန် အမျိုးသားလွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာ ကော်မတီ လုပ်ငန်း အဖွဲ့ကို ဇွန်လ ၅ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

အဆိုပါ လွှတ်တော် အုပ်ချုပ်မှုနှင့် ရေးရာ ကော်မတီ လုပ်ငန်းအဖွဲ့တွင် အမျိုးသား လွှတ်တော်၌ ဖွဲ့စည်းထားသည့် ရေးရာ ကော်မတီ များ၊ ကော်မရှင်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပါဝင်ကြောင်း ဦးခင်အောင်မြင့်က ဆက်လက် ပြောကြားသည်။

ယင်းအဖွဲ့သည် အစိုးရနှင့် ဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေးရာကော်မတီများ၏ လုပ်ဆောင်ချက်များ ကို ပြန်လည် ဆန်းစစ်ခြင်း စသည့် အချက်များကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။

“အဲဒီလို လွှတ်တော် အုပ်ချုပ်မှုနဲ့ ရေးရာလုပ်ငန်း ကော်မတီ ဖွဲ့စည်းပုံက စုပေါင်း ခေါင်းဆောင်မှု ဖြစ်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသား လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးရှိပြီး ရေးရာ ကော်မတီနှင့် ကော်မရှင် စုစုပေါင်း ၁၉ ခုရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ အကြံပေးကော်မရှင်ကို စာရေးဆရာ ဦးကျော်ဝင်း၊ စီးပွားရေး ပညာရှင် ဦးစောမြင့်မောင်နှင့် ဒေါက်တာ မြင့်သိန်း တို့ကို ဖြည့်စွက်ကာ ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။


The Voice Weekly

No comments:

Post a Comment