မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး ချစ်ကြည်ရေး တံတားအောက်ရှိ ကားများရေနစ်မြုပ်နေစဉ်
ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆ နာရီခန့်တွင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရေး တံတားအောက်ရှိ မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး နေအိမ်များအတွင်း ရေများဝင်ရောက်ကာ တံတားအောက်ရှိကားများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရေကြီးမှုကြောင့် အနိမ့်ပိုင်းများဖြစ်သော ပုန်းထွန်နှင့် တာလော့တွင် နေရာအနှံ့အပြား ရေကြီးခဲ့ပြီး တံတား ၁ အောက်တွင် ရေတစ်မီတာကျော် တက်ခဲ့ကာ ကားလေးစီးမှာ ရေမြုပ်ခဲ့ကြောင်း သိရသည်။
''ကားတွေနဲ့ ဆိုင်ကယ်တချို့ ရေမြုပ်တာက ကားတွေကို ဒီဘက်ကမ်းထားပြီး မယ်ဆိုင်ဘက်ကမ်းကို သွားအိပ်ကြတာ။ ခုက ညကနေ မိုးလင်းတဲ့အထိ မိုးရွာပြီး ရုတ်တရက်ရေကြီးခဲ့လို့ လာထုတ်ဖို့ မဖြစ်နိုင်တော့လို့ ရေမြုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အိမ်ထဲမှာတော့ မနက် ၆ နာရီလောက်မှာ ခါးလောက်အထိ ရေ၀င်ခဲ့တယ်'' ဟု ပုန်းထွန်ရပ်ကွက် တံတားအနီးတွင် နေထိုင်သော အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။
ယခုရေကြီးမှုသည် ၂၀၁၃ ခုနစ်အတွင်း ပထမဆုံးသော ရေကြီးမှုဖြစ်ပြီး ရေကြီးမှုကို တာလော့ဈေး၊ ပုန်းထွန်၊ မေဖလားဝါး ကွက်သစ်တို့မှ အများဆုံး ခံခဲ့ကြရကာ မယ်ခေါင်ရပ်ကွက်တွင် အိမ်အချို့သာ ရေ၀င်ခဲ့ကြောင်း သိရသည်။ နံနက် ၁၀ နာရီ တွင် ချောင်းရေမှာ ပြန်ကျနေပြီ ဖြစ်ကြောင်း သိရသည်။
ELEVEN

No comments:
Post a Comment