Saturday, July 6, 2013

MAPCO ပြည်ပဆန်တင်ပို့မှု နိုဝင်ဘာအထိ ရပ်နားထားမည်


ရန်ကုန်၊ ဇူလိုင် ၅

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေး မြင့်တက်နေခြင်းကြောင့် မြန်မာ့လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက် (MAPCO) ၏ ပြည်ပဆန်တင်ပို့မှုကို လာမည့် နိုဝင်ဘာလအထိ ရပ်နားထားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးရဲမင်းအောင်က ပြောကြားသည်။

ပြည်တွင်းဆန်ဈေး ကြီးမြင့်မှုကြောင့် ပြည်ပသို့ သင်္ဘောဖြင့် ဆန်တင်ပို့မှုကို ဇွန်လမှစ၍ နှစ်လခန့် ရပ်နားထားမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိမှာ မိုးတွင်းကာလဖြစ်၍ ဆန်အရည်အသွေး ထိခိုက်မည်စိုးသဖြင့် ပွင့်လင်းရာသီ ဖြစ်သည့် နိုဝင်ဘာလ ရောက်မှသာ ပြန်လည်တင်ပို့ရန် စီစဉ်ထားကြောင်း၊ လတ်တလောတွင် စာချုပ်လက်ကျန် ရှိသည့် နိုင်ငံများသို့ ကွန်တိန်နာများဖြင့် ဆန်တင်ပို့လျက်ရှိပြီး သင်္ဘောဝမ်းအတွင်း ဆန်ထည့်တင်ပို့မှုကို ရပ်နားထားကြောင်း ၄င်းကဆိုသည်။

"အဓိက ကတော့ မိုးတွင်းရောက်လာလို့ သင်္ဘောအစင်းလိုက် မပို့တော့တာပါ။ နိုဝင်ဘာရောက်မှ ပြန်ပို့မယ်" ဟု ၄င်းကဆိုသည်။

ယင်းကဲ့သို့ ပြည်ပဆန်တင်ပို့မှု ရပ်နားထားခြင်းသည် ပြည်တွင်းဆန်ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် ကြိုးစားခြင်း ဖြစ်သည်ဟု ပြည်တွင်းဆန်ကုန်သည် အချို့က သုံးသပ်သည်။

မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီက ဆန်တင်ပို့မှု ရပ်နားထားသော်လည်း အခြားကုမ္ပဏီများမှာ ရပ်နားထားခြင်း မရှိဟု ပင်လယ်ကိုးသွယ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် မူဆယ် ၁၀၅ မိုင် စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဧပြီလနှင့် မေလတွင် ဆန်တန်ချိန် ၅၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း တာဝန်ခံက ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မြန်မာနိုင်ငံမှ တင်ပို့သော ဆန်တန်ချိန် ၇ဝဝဝ ကျော်အနက် တန်ချိန် ၁၀၀၀ ကျော်ကို ကင်မရွန်း အရည်အသွေးစစ်ဆေးရေး အာဏာပိုင်များက ဖျက်ဆီးခဲ့ပြီး အရည်အသွေးကြောင့် မဟုတ်ဘဲ သင်္ဘော လေဝင်လေထွက် စနစ် ချို့ယွင်းချက်ကြောင့် ဖြစ်ရသည်ဟု မှတ်ချက်ပြုထားသည်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ အဓိက တင်ပို့လျှက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့ဆန်တန်ချိန် ၁ဒသမ ၅ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဆန်တန်ချိန် ရှစ်သိန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထံမှ သိရသည်။


The Voice Weekly

No comments:

Post a Comment