တောင်ငူ၊ ဇူလိုင် ၅
နှစ်စဉ်နှစ်တိုင်း လယ်သမား စပါးစိုက်ပျိုးပြီးချိန်မှ ထုတ်ချေးလေ့ရှိသည်ဟု လယ်သမားများကဆိုသည့် မိုးစပါး စိုက်စရိတ် ပံ့ပိုးငွေကို တောင်ငူမြို့ရှိ တောင်သူ ကိုးထောင်ကျော်အတွက် ကျပ်သိန်းလေးသောင်းကျော်ကို ဇွန်လ တတိယပတ်မှစ၍ ယနေ့အထိ ထုတ်ချေးပေးနေကြောင်း တောင်ငူခရိုင် လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တောင်ငူမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုပေါင်း ၃၈ အုပ်စု တောင်သူ ၉၁၄၀ ဦး အတွက် မိုးစပါး စိုက်ပျိုးရာသီ ချေးငွေ ကျပ် ၄၃၀၈၅ သိန်းကို ဇွန်လ ၁၈ ရက်နေ့မှ စတင်ကာ ယနေ့အထိ ထုတ်ချေးပေးနေကြောင်း တောင်ငူခရိုင် လယ်ယာစိုက်ပျိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
တောင်ငူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၈ စုမှ တောင်သူတစ်ဦးကို တစ်ဧက တစ်သိန်းနှုန်းဖြင့် ၁၀ ဧက အများဆုံး သတ်မှတ်ကာ ထုတ်ချေးပေးလျက် ရှိပြီး လတ်တလောတွင် ကျေးရွာအုပ်စု ၁၂ စုမှ တောင်သူများအတွက်ကို ငွေကျပ် ၉၂၆၇ သိန်းကို ထုတ်ချေးပေးပြီး ကျန်ရှိသော ကျေးရွာအုပ်စု ၂၆ စုကို ငွေကျပ် ၃၃၈၁၈ သိန်းကို ထုတ်ချေးရန် ကျန်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ကျေးရွာအုပ်စု တစ်စုတွင်း တောင်သူငါးဦးမှ ၁၀ ဦးအထိ ဝိုင်းကြီးချုပ်စနစ်ဖြင့် စိုက်ပျိုးစရိတ် ချေးပေးလျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တောင်သူက ကဆုန်၊ နယုန်ဆို ထယ်ရေးပြင်၊ ပျိုးကြဲရပြီဆိုတော့ စိုက်စရိတ်က လိုလာပြီ။ အပြင်ကနေ ၁၀ ကျပ် တိုးလောက်နဲ့ ချေးရတယ်။ ဒီထက် စောစောရရင် အဆင်ပြေတာပေါ့။ အခုတော့ ဒီကရတာနဲ့ ကြွေးရှင်လက်ထဲ ထည့်ရတော့မယ်” ဟု တောင်ငူမြို့နယ် ကံရိုးကျေးရွာမှ လယ် ၁၀ ဧကခန့် စိုက်ပျိုးလုပ်ကိုင်သူ ဦးသိန်းလွင်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးစပါးစိုက်ဧက လျာထားချက်မှာ ၂,၇၆၅,၇၀၈ ဧကဖြစ်ပြီး ယနေ့အထိ ၂၀၀,၉၀၅ ဧက၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၄၄ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ဆန်စပါးကုန်သည်ကြီးများ အသင်းထံမှ စုံစမ်းသိရှိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် ပဲအမျိုးမျိုး အပါအဝင် ယာသီးနှံ တစ်ဧကလျှင် စိုက်ပျိုးစရိတ် တစ်သောင်းကျပ်၊ မိုးစပါးတစ်ဧက ငါးသောင်းကျပ်၊ နွေစပါးတစ်ဧက ရှစ်သောင်း ကျပ်ဖြင့် ကျပ် ၅၅၇ ဒသမ ၈၅ ဘီလီယံ ထုတ်ချေးခဲ့ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ၁၄၆၁ ကျပ်ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေးချက်များအရ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment