ရန်ကုန်၊ ဇူလိုင် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေမှု ပြဿနာများ ပပျောက်ရေးအတွက် ဇူလိုင်လ ၄ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့တွင် နှစ်နိုင်ငံ တာဝန်ရှိသူ များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်နယ် မောင်တောခရိုင် ကျီးကန်းပြင် ဌာနခွဲ နယ်စပ်ဒေသ လူဝင်မှု စိစစ်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) မှ ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
တရားမဝင် ခိုးဝင်မှု မရှိအောင် လုပ်ဆောင်ပေးရေးအပြင် နှစ်နိုင်ငံ တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံ ဖြတ်ကျော် မှုခင်းများ မဖြစ်ပေါ်ရေး၊ တရားမဝင် ဝင်ရောက် ငါးဖမ်းမှု မရှိစေရေး ကိစ္စများကို မြန်မာနိုင်ငံဘက် က ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ မြန်မာနိုင်ငံသို့ ခိုးမဝင်ရေးအပြင် အစိုးရပိုင်းက တာဝန်ရှိသူများ အနေနှင့် လည်း ခွင့်ပြုချက်မယူဘဲ နယ်စပ်ဖြတ်ကျော် မဝင်ရောက်ရန် တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဦးအောင်နိုင်ဦးက ဆိုသည်။
မြန်မာနိုင်ငံ နယ်စပ် ခြံစည်းရိုးကို ကျော်ဖြတ်ကာ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တစ်ဦးကို မတ်လအတွင်းက မြန်မာနိုင်ငံက ဖမ်းဆီးခဲ့ပြီး နှစ်နိုင်ငံ ဆွေးနွေးကာ ပြန်လွှတ်ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က မြန်မာနိုင်ငံက ကာရံထားသည့် နယ်စပ် ခြံစည်းရိုးအပြင်တွင် ရှိနေသည့် မြေမြုပ်မိုင်း ရှင်းလင်းပေးရေး ကိစ္စ ကို ဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါးများ ဖြတ်ကျော်ဝင်ရောက်မှု ပပျောက်ရေး ကိစ္စများကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများ ထံမှ သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ သက်ဆိုင်ရာ ဌာနအသီးသီးမှ အရာရှိ ၁၀ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အရာရှိ ၁၀ ဦး တက်ရောက်ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံက နယ်စပ် ခြံစည်းရိုး ကာရံထားပြီး လုံခြုံရေးများ ချထားသော်လည်း ဂိတ်ပေါက်များ လုံခြုံမှု အားနည်းမှု၊ လုံခြုံရေးဂိတ်များ အလှမ်းဝေးမှုများကြောင့် မကြာခဏ ဝင်ထွက် သွားလာမှုများ ရှိနေကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။
The Voice Weekly

No comments:
Post a Comment