Saturday, July 6, 2013

အစိုးရနှင့် တင်းမာမှု ဖြစ်ပေါ်နေသော ‘ဝ’ ပါတီနှင့် ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ တွေ့မည်

ရန်ကုန်၊ ဇူလိုင် ၅
တပ်မတော်နှင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေသော ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ဇူလိုင်လ ဒုတိယပတ် အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိက The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း တွေ့ဆုံသွားမည် ဖြစ်သော်လည်း မည်သည့်ရက်တွင် တွေ့ဆုံမည်ကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် တပ်မတော်က တာချီလိတ်ခရိုင်နှင့် မိုင်းတုံမြို့ အတွင်းနယ်ရှိ UWSA စခန်း များကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး UWSA က ဖယ်ရှားပေးခြင်း မရှိသည့်အတွက် နှစ်ဖက် စစ်ရေး တင်းမာမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း UWSA က တာဝန်ရှိသူများက ဆိုထားသည်။

တပ်မတော်က ဇွန်လ ၂၇ ရက်နေ့တွင် ရုမ်းပြည်နယ် တောင်ပိုင်းရှိ UWSA ၏ တပ်စခန်းများ အားလုံး စာရင်းပြုစုပေးရန် တောင်းဆိုထားခြင်းများလည်း ရှိကြောင်း အဆိုပါ တာဝန်ရှိသူများက ဆက်လက် ပြောကြားသည်။

UWSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ မေလအတွင်း တွေ့ဆုံခဲ့ပြီး UWSA က အခြေခံဥပဒေ ပြင်ဆင်ရာတွင် ‘ဝ’ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန်နှင့် ‘ဝ’ လူမျိုး များနှင့် တရုတ်နိုင်ငံက ပူးပေါင်း လုပ်ဆောင်နေသော စီးပွားရေးများကို အသိမှတ်ပြုပေးရန် တောင်းဆိုထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ UWSA တွင် လက်နက်ကိုင် အင်အား သုံးသောင်းကျော် ရှိပြီး မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားအကြီးဆုံး တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေး လေ့လာသူ အချို့က ဆိုသည်။

The Voice Weekly

No comments:

Post a Comment