Friday, July 5, 2013

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ သဘောထားထုတ်ပြန်ချက် ၁/၂၀၁၃

၅.၇.၂၀၁၃

၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၇) ရက်တွင်ဖွဲ့စည်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီချက်အရ အဓိက လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော စာနယ်ဇင်း ဆိုင်ရာဥပဒေကြမ်းကို လွတ်လပ်စွာ ရေးဆွဲ ခဲ့ပါသည်။

၂။ “သတင်းမီဒီယာဥပဒေကြမ်း”တွင်၎င်းတို့အတွက် လွှမ်းခြုံသော ဥပဒေပြဋ္ဌာန်းချက် များပါဝင်စေလို ကြောင်း ပုံနှိပ်လုပ်ငန်းများက အကြံပြုကြသဖြင့် ကောင်စီသည် “သတင်းမီဒီယာဥပဒေကြမ်း” ကို “သတင်းမီဒီယာနှင့်ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကြမ်း” အဖြစ် ခေါင်းစဉ်ပြောင်းလဲ၍ ရေးဆွဲပြုစုခဲ့ပါသည်။

၃။ သို့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ကြီးဌာနက ကြိုတင် ပြုစုထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်များသို့ တင်သွင်းကာ အများပြည်သူလေ့လာနိုင်ရန် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီ(ယာယီ) အပါအဝင် မီဒီယာအဖွဲ့အစည်းများ၏ ကန့်ကွက်မှုများ ပေါ်ထွက်လာသည့် နောက်ပိုင်း ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် စာနယ်ဇင်းကောင်စီနှင့် (၃)ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။

၎။ တွေ့ဆုံညှိနှိုင်းသဘောတူညီမှုများအရ စာနယ်ဇင်းကောင်စီ(ယာယီ)သည် ကျင့်ဝတ်နှင့်အညီ မီဒီယာ လွတ်လပ်ခွင့်ရရှိစေရေးနှင့် စတုတ္ထမဏ္ဍိုင်အတွက် လိုအပ်သော (Institution) များပေါ်ထွက် လာစေရန်အလို့ငှာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများပြုလုပ်ကာ ဝန်ကြီးဌာနသို့ပေးပို့ခဲ့ပါသည်။ ဝန်ကြီးဌာနသည် ကောင်စီ၏ ပြင်ဆင်ချက်များအတိုင်း လွှတ်တော်များသို့တင်ပြမည်ဟု သဘောတူခဲ့ကြပါသည်။

၅။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၄င်းတို့၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် စာနယ်ဇင်း ကောင်စီ(ယာယီ)က ရေးဆွဲသော သတင်းမီဒီယာဥပဒေကြမ်းတို့ကို လွှတ်တော်များသို့ တစ်ပြိုင်နက် တည်း တင်သွင်းရန်လည်း ဆွေးနွေးသဘောတူခဲ့ပါသည်။

၆။ သို့သော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း၌ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့အကြား သဘောတူညီခဲ့သော အချက်အလက်အများစု မပါဝင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၇။ ထို့ကြောင့် ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုလိုက်သော အဆိုပါဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က သဘောမတူ၊ လက်မခံနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)


Popular Myanmar News Journal

No comments:

Post a Comment