Saturday, July 6, 2013

သမဂ္ဂများ ကူညီမှုဖြင့် မူလပိုင်ရှင်များ လယ်ဧက ၁၀၀၀ ပြန်လည်ရရှိ


ရန်ကုန်၊ ဇူလိုင်၎
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ် လေးခုတွင် ၁၉၉၃ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ တစ်ဦးချင်းနှင့် ကုမ္ပဏီများက သိမ်းယူထားသော လယ်မြေဧက ၁၀၀၀ ကျော်ကို မူလလက်ငုတ် လယ်ပိုင်ရှင်များ ပြန်လည်ရရှိအောင် ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုး တိုးတက်ရေး သမဂ္ဂနှင့် မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်က ကူညီ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း ယင်းသမဂ္ဂ အတွင်းရေးမှူး ဦးမောင်ငြိမ်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်မြို့နယ်အတွင်း ပြန်လည် ရရှိသော လယ်မြေ ဧက စုစုပေါင်း ၈၀၀ကျော်၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ လယ်မြေ ဧက စုစုပေါင်း ၁၀၀ကျော်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ လယ်မြေ ဧက စုစုပေါင်း ၅၀နှင့် ဓနုဖြူမြို့နယ် အတွင်းရှိ လယ်မြေ ဧက စုစုပေါင်း၂၀၀ကျော်တို့ ပြန်လည် ရရှိခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“ဧရာဝတီတိုင်းအတွင်းမှာ မတရား သိမ်းယူထားတဲ့ လယ်မြေ ဧက သောင်းချီပြီး ကျန်ပါသေးတယ်။ အဲဒါတွေ ပြန်ရအောင် ကျွန်တော်တို့ အစွမ်းကုန် လုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ပန်းတနော်မြို့နယ်၊ ဗဝိုင်းကျေးရွာရှိ လယ်အချို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက သိမ်းယူထားခဲ့ပြီး ၂၀၁၃ခုနှစ် မတ်လက ယင်းအဖွဲ့များ၏ ကူညီမှုဖြင့် အချို့ လယ်ပိုင်ရှင်များသည် လျော်ကြေးငွေနှင့် လယ်မြေများကို မြို့နယ် အုပ်ချုပ်ရေးမှူးထံက ပြန်လည် ရရှိခဲ့ကြောင်း အဆိုပါ ကျေးရွာမှ လယ် ဧက ၂၂ဧက ပြန်လည်ရရှိခဲ့သူ ဦးဇော်လင်းရှိန်က ပြောကြား သည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားနှင့် ရေလုပ်သားတို့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို ၂၀၁၂ ခုနှစ်ဆန်းပိုင်းက စတင်၍ တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂနှင့် မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်တို့ ပူးပေါင်း ကူညီခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်


သတင်း ဥယျာဉ်

No comments:

Post a Comment