ရန်ကုန် ၊ ဇူလိုင် ၅
အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများအနက် မြွေကိုက်ခံရမှုနှုန်း အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံး အတိုင်းအတာ မြွေဆိပ်ဖြေဆေး ထုတ်လုပ် နိုင်ရေးအတွက် အမှတ် (၁) ဆေးဝါး စက်ရုံကို တိုးချဲ့ ပြုပြင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် မြွေပွေး အဆိပ်ဖြေဆေး ငါးသောင်း ခန့်နှင့် မြွေဟောက် အဆိပ်ဖြေဆေး ငါးထောင်ခန့် လိုအပ်လျက် ရှိသော်လည်း စက်မှု ဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြွေပွေး အဆိပ်ဖြေဆေး ၂၈,၁၈၈ လုံးနှင့် မြွေဟောက် အဆိပ်ဖြေဆေး ၁၀၈၇ လုံးသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
လက်ရှိ ပြည်တွင်း၌ လိုအပ်နေသော မြွေဆိပ်ဖြေဆေး ပမာဏကို အိန္ဒိယနိုင်ငံ မြွေဆိပ်ဖြေဆေး ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီ နှစ်ခုက တင်သွင်းထားကြောင်း၊ ယခင် ဘဏ္ဍာနှစ်က ပြည်ပ ကုမ္ပဏီများက တင်သွင်းထားသော မြွေဆိပ်ဖြေဆေး ရှစ်သောင်းကို မြွေကိုက်ခံ ရနှုန်း မြင့်သော ဆေးရုံနှင့် ဆေးပေးခန်းများကို လွှဲထားကြောင်း ၎င်းက ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်ကို ကိုးကား ပြောဆိုသည်။
“မြွေဆိပ်ဖြေဆေးတွေက အိန္ဒိယက ဝယ်ယူ တင်သွင်း သုံးစွဲနေရပေမယ့် ဒေသ မြွေရဲ့အဆိပ်က မဟုတ်တဲ့အတွက် စက်မှုဆေးဝါး စက်ရုံ (ရန်ကုန်) က ထုတ်တဲ့ အာနိသင်ထက် နည်းတယ်” ဟု ဒုတိယ ဝန်ကြီး ဦးသိန်းအောင်က ရှင်းလင်း ပြောကြားသည်။
ယင်းသို့ အာနိသင် နည်းခြင်း၏ နောက်ဆက်တွဲ အကျိုးရလဒ်များ အဖြစ် ကျောက်ကပ် ထိခိုက်ခြင်းများ ဖြစ်ပေါ်လာကြောင်း၊ အိန္ဒိယနိုင်ငံမှ တင်သွင်းသော မြွေဆိပ်ဖြေဆေးများ သုံးစွဲပြီးပါက ကျောက်ကပ် ဆေးကြောပေးရန် လိုအပ်ကြောင်း ဖြည့်စွက် ရှင်းလင်းသည်။
ယင်းသို့ ကျောက်ကပ်ဆေးမည့် အကြိမ် အရေအတွက်မှာမူ ကြွင်းကျန် သည့် အဆိပ် ပမာဏနှင့် မြွေဆိပ်ကြောင့် ကျောက်ကပ် ပျက်စီးသည့် ပမာဏပေါ် မူတည်ကြောင်း ဆရာဝန် တစ်ဦးက ရှင်းပြသည်။
အမှတ် (၁) ဆေးဝါးစက်ရုံက ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများ သည် မြင်းနှင့် သိုးတို့၏ သွေးရည်ကြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး မြင်းမှ ရရှိသော မြွေဆိပ်ဖြေဆေးသည် မြွေပွေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သည်။
မြွေကိုက်ခံမှုသည် မြန်မာနိုင်ငံ အပါအဝင် ပါကစ္စတန်နိုင်ငံ၊ နီပေါနိုင်ငံ၊ နယူးဂီနီ နိုင်ငံတို့တွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် အဖြစ် သတ်မှတ်ထားသည်။
The Voice Weekly

No comments:
Post a Comment